မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

မာန်အောင် ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နေ့လယ် ၁၂ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊စာစောင် စသည့်စာအုပ်ပေါင်း၉၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများက စိတ်အားထက်သန်ပျော်ရွှင်စွာ ငှားရမ်းခဲ့ကြသည်။

မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများသို့ Mobile Library ဖြင့်အခမဲ့စာအုပ်ငှားရမ်းပေးခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)