တောင်ကုတ် ဒီဇင်ဘာ ၉
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကိုင်းရှည်ကျေးရွာရှိ အောင်သုခလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါလမ်းမုဒ်ဦးရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့က အမှာစကားပြောကြားပြီးနောက် ရပ်မိရပ်ဖ ဦးဝင်မြင့်က ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမောင်စိန်နှင့် ရပ်မိရပ်ဖ ဦးဘလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အထိမ်းအမှတ် အလံများကို ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ များက အောင်သုခလမ်းမတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၁၄-၁၄၅) ဖြင့် ဝတီနန်းမြင့်စံကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၈)ပေ၊ အရှည် (၁၄၁၈) ပေရှိကြောင်းနှင့် အဆိုပါလမ်းမှာ ယခင်က အမာခံကျောက်ချောလမ်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း အဆင့်သို့ မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝတီနန်းမြင့်စံကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)