သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဖြည့်ဆည်းပေးနိုင်ရေးဆက်လက်ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ်   ဒီဇင်ဘာ   ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ ၉ ရက်နံနက်ပိုင်းတွင် ဝဲကလောင်းကျေးရွာ အုပ်ချုပ်ရေးရုံးနှင့်မွန်းလွဲပိုင်းတွင် ကရုပ္ပိကျေးရွာ အောက်ကျောင်းဘုန်းတော်ကြီးကျောင်း(ဓမ္မာရုံ)တို့၌ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျေးရွာနေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင် လိုအပ်ချက်များရှိပါကတင်ပြနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးက သန်းခေါင်စာရင်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သံဖြူဇရပ်မြို့နယ်၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူးမိုးမြင့်က လုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို ပြောကြားပြီး မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာနခွဲ၊ ဌာနမှူးဒေါ်ဝင်းဝင်းမော်က MSME လုပ်ငန်းများအကြောင်းဆွေးနွေးကာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန် ရှိသူများမှပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး၊ စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)