ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

လောက်ကိုင်   ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် စံချိန်စံညွှန်း ပြည့်မီသောဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေးတို့အတွက် အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဆေးဆိုင်၊ ဆေးခန်းများ၊ စူပါမားကတ်များနှင့် ကုန်စုံဆိုင်များအား ယနေ့နံနက် ၈ နာရီက  မြို့နယ်ကျန်းမာရေးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့နှင့် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။      

စစ်ဆေးရေးအဖွဲ့ဝင်များသည် ဆေးဆိုင်၊ ဆေးခန်း၊ စူပါမားကတ်နှင့် ကုန်စုံဆိုင်များအား စစ်ဆေးခြင်းများပြုလုပ်စဉ် ရှေးဦးစွာ လုပ်ငန်းဆိုင်ရာ အထောက်အထားများနှင့် သက်ဆိုင်ရာ လုပ်ငန်း လိုင်စင်များကို စစ်ဆေးကြည့်ရှုကြပြီး ဆေးဆိုင်များ၊ ဆေးခန်း၊ စူပါမားကတ်နှင့် ကုန်စုံဆိုင်များမှ တာဝန်ရှိသူများအား ဆေးဘက်ဆိုင်ရာလုပ်ငန်းနှင့် စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်းဆောင်ရွက်ကြရန်နှင့် လိုက်နာကြရန်အသိပေးပြောကြားခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆေးဝါးပစ္စည်းများအား စံချိန်စံညွှန်းပြည့်မီစေရန်နှင့် ဆေးဆိုင်၊ ဆေးခန်းစသည့် ဆေးကုသရေးနေရာများတွင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသော ဆရာဝန်များ ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းလိုင်စင်များအား ကြည့်ရှုစစ်ဆေးခြင်း၊ စားသောက်ကုန်များ ရောင်းချနေသော စူပါမားကတ်များနှင့် ကုန်စုံဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သက်တမ်းလွန်ပစ္စည်းများရောင်းချခြင်းနှင့်  ကျန်းမာရေးကိုထိခိုက်စေမည့် အစားအသောက်များရောင်းချခြင်းတို့ ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။         

လောက်ကိုင်(ပြန်/ဆက်)