တာမွေ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ် သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှစီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ များကို စတင်ကျင်းပပြုလုပ်ခဲ့ရာ သံသရာလမ်းညွှန် အဘိဓမ္မာသင်တန်း၊ ပထမပြန်နှင့် အဘိဓမ္မာ ပြန့်ပွားရေးအဖွဲ့နှင့် ဓမ္မလမ်းပြအဘိဓမ္မာ သင်တန်းတို့မှ သင်တန်း သား/သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြ သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို အဆင့် (၃) ဆင့်သတ်မှတ်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပထမအဆင့် စာမေးပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အဘိဓမ္မာစာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ (၅၉) ဦး၊ ဝိသုဒ္ဓိမဂ်စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ (၂) ဦး စုစုပေါင်း (၆၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် စာမေးပွဲများကိုလည်း ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့နှင့် ဒီဇင်ဘာလ (၁၁) ရက်နေ့တို့တွင် နေ့စဉ်မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်