မိုးနဲမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးနဲ   ဒီဇင်ဘာ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်မြင့်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများရရှိနိုင်စေရန်၊ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့နယ်အတွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေများကို ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူတောင်သူများနှင့် ဝက်မွေးမြူသူတောင်သူများအား ချေးငွေများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးများဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် အစုအဖွဲ့များဖွဲ့စည်းရေး၊ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ ထုတ်ချေးပေးနိုင်ရေး၊ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်း မပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန် ကြိုးပမ်းဆောင်ရွက် သွားနိုင်ရေး စသည့်အချက်များကိုလည်းကောင်း၊ အဖွဲ့ဝင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးက စီမံကိန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ရာ  အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)