နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

နောင်ချို ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရေးသားထားသော “ပန်းလည်းလှစေ ပျားလည်းဝစေနှင့် စာပေရေးရာအဖြာဖြာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂နာရီ ခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Book Club အသင်း ဥက္ကဋ္ဌ ဦးပေါင် ခန့်လန်၊ အဖွဲ့ဝင် ဦးတင်အောင်သိန်းနှင့် ဦးကျော်သန်း၊ Women Clubအဖွဲ့ဝင် ဒေါ်အိအိစိုးနှင့် Youth Club အဖွဲ့ဝင် မောင်စည်သူဇော်တို့က စာရေးဆရာမောင်ငြိမ်းသူ(ကြို့ပင်ကောက်)  ရေးသားထားသော “ပန်းလည်းလှစေ ပျားလည်းဝစေနှင့် စာပေရေးရာအဖြဖြာ” စာအုပ်ပါအကြောင်းအရာများအနက်မှ မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အသီးသီးဆွေးနွေးကြရာ တက် ရောက်လာကြသော စာပေချစ်သူများက ၎င်းတို့ ဖတ်ရှုထားသည့် အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို မိမိတို့ဘဝ နှင့်ယှဉ်၍ ရရှိထားသော အသိပညာ ဗဟုသုတများဖြင့် ပေါင်းစပ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေ ဝါသနာရှင်များဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Commmunity Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)