နောင်ချို ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးတို့အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘန့်ဘွေး- ကျောင်းကုန်း- ညောင်ထောက် ကျေးရွာချင်းဆက် လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇွန်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘန့်ဘွေး၊ ကျောင်းကုန်း၊ ညောင်ထောက် ကျေးရွာချင်းဆက်လမ်းခင်းခြင်း လုပ်ငန်းအားအမာခံမှ ကတ္တရာအရှည် (၀.၃၇၂ ကီလိုမီတာ)ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ်(၄၁.၆၁) သန်းဖြင့်လည်းကောင်း၊ မြေမှ ကတ္တရာအရှည်(၀.၈၆၁ ကီလိုမီတာ)ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ် (၁၃၃.၆၅၁)သန်းဖြင့်လည်းကောင်း ဇွန်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးအောင် ခင်းပေးခဲ့ပြီးဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြတ်သန်းသွားလာ လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးဝဏ္ဏစိုးထံမှ သိရသည်။
ထိုသို့ ကျေးရွာချင်းဆက်လမ်းများခင်းပေးခြင်းဖြင့် ဘန့်ဘွေး၊ကျောင်းကုန်း၊ ညောင်ထောက်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)