အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြည်နယ်၀န်ကြီးချုပ်တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၉

မွန်ပြည်နယ်အတွင်း အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အခြေခံလူဦးရေ စာရင်းဇယားများ မှန်ကန်မှုရှိစေ​ရေးအတွက် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူရေး အဖွဲ့များ ဖွဲ့စည်း​တာဝန်​ပေးအပ်ထားပြီးဖြစ်​ကြောင်း၊ ကော်မတီအ​နေဖြင့် လုပ်ငန်းစဉ်သည် လုပ်ငန်းပမာဏကြီးမားပြီး အချိန်တိုကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်တည်း ပြီးစီး​နိုင်​ရေး ဆောင်ရွက်ကြရန်လို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် တက်​ရောက်လာကြသည့် ​ကော်မတီဝင်များမှ အ​ခြေခံလူဦး​ရေ စာရင်းဇယားများ မှန်ကန်မှုရှိ​စေ​ရေး ​စာရင်းပြုစု​ဆောင်ရွက်မှု၊ ​မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူနိုင်​ရေး ​ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း​တင်ပြခဲ့ကြမှုအ​ပေါ် တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေး​နွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်