မောက်မယ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၃ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုသောအားဖြင့်ယမန်နေ့နံနက်၁၀နာရီက ကျောင်းတွင်းအား ကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ကျောင်းသား/ကျောင်းသူ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ မူလတန်းဆင့် ယှဉ်ပြိုင်ကစားရာတွင် မုန့်စားပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ပူစီဖောင်းမှုတ်ကွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ ဖယောင်းတိုင်ထွန်းပြိုင်ပွဲ၊ မီတာ၅၀အပြေးအပ်နဖားထိုးပြိုင်ပွဲနှင့် မီတာ၁၀၀အပြေးလက်ဆင့်ကမ်းပြိုင်ပွဲများကို အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းဝန်းအတွင်း၌ကျင်းပပြီး ဆုရရှိသူများကို(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)