မိုင်းခုတ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများအပြင် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲက နောင်တုံ ကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အတွေးအခေါ်ရင့်သန်လာစေရန် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး အကြောင်း အရာများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ယူဆောင်လာသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် အသိပညာပေး ရုပ်ပုံပြပုံပြင်နှင့် ကဗျာစာအုပ်များဖြင့် နယ်လှည့်စာကြည့်တိုက်အဖြစ် စာဖတ်ဝိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိ ပညာပေးနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)