ညောင်ရွှေ ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့်အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာအုပ်စာစောင်ပြပွဲ ဆောက်ရွက်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ(၈)ရက်နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ်၊ နန်းသီတာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာအုပ် စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ပြန်ကြားရေးဝန်ကြီးဌာနအကြောင်း သိကောင်းစရာ၊ နယ်လှည့်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူး၊ ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ၏ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူလေးများအတွက် နယ်လှည့်စာအုပ်စာစောင် ပြပွဲ ခင်းကျင်းပြသပေးခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာလေ့လာကြည့် ရှု့ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် ပေါရိသတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့် ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ