(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၉

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်း အနားမှာလာမည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပမည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်လုံခြုံရေးကို အထူး ကြပ်မတ် ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ပြည်နယ်တွင် ကျန်ခဲ့သည့်အဖွဲ့များကလည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ ပေးပို့လာသောသဝဏ်လွှာများကို ဖတ်ကြားသည့် အခမ်းအနား၊ ပြခန်းပါရှိပါက ပြခန်းအခမ်းအနားစသည့်တို့ကို အားလုံးဝိုင်းဝန်းစုပေါင်း၍ ဆွေးနွေးပေးကြရန်နှင့် လုံခြုံရေးကိုဦးစားပေးဆောင်ရွက်ရန် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းမှ ဆွေးနွေးတင်ပြပြီး စစ်ရေးပြလုပ်ငန်းကော်မတီ ၊အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်း နှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အားကစားပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အသီးသီးမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကာ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)