သာကေတမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သာကေတ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ညနေ(၄:၀၀)နာရီချိန်က သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Quick Win Project အရ သဘောဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ဦးစီးအရာရှိ ဒေါ်တင်ဝင်းမော်မှ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိုယ်တိုင်သိရှိနားလည်ရေးအကြောင်းအရာများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးစီးအရာရှိဦးသူရိန်အောင်မှ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီးတာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်အား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)