ဖားကန့် ဒီဇင်ဘာ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သီရိမင်္ဂလာ မဏိဇေယျုံကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက သာသနာဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၂)ပါးအား ဂုဏဝိသိဋ္ဌထုတိမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲနှင့် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စာအောင်ဆုနှင်းသဘင်အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကဝိသာရမှ စာမေးပွဲအောင်စာရင်း ကြေငြာခြင်းနှင့် စာမေးပွဲ ကျင်းပရခြင်းအကြောင်းအား မိန့်ကြားခဲ့ပြီး ဆန်းကြွယ်မှော်တောင်းကျေးရွာ သမစိတ္တအသင်းမှ (၈)လုံးဖွဲ့ကဗျာဖြင့် ပူဇော်ကာ မှော်စမ်းရပ်ကွက် ဂရုဏာမိသားစုအသင်း ဒေါ်စိမ်းသက်မှ (၈၀)ပေါ် တေးထပ်ဖြင့် ပူဇော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက စာအောင်ဆုရရှိကြသော ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၂၀၀)ပါးတို့အား စာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်