နမ့်ဆန်မြို့တွင် (စတုတ္ထ)အကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ် ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

နမ့်ဆန် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် (စတုတ္ထ)ကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ်ဘောလုံးပြိုင်ပွဲကိုမြို့နယ်အားကစားကွင်း၌ ယမန်နေ့ညနေ(၁)နာရီက ဗိုလ်လုပွဲစဉ်အဖြစ် နမ့်ဆန်မြို့နယ်အသင်းနှင့် မူဆယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် နမ့်ဆန်မြို့နယ်အသင်းမှ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိ ကာ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။

မြန်မာ့ဘော်လုံးအားကစားကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မြို့နယ်အသီးသီးမှ ဘော်လုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ အားကစားပြိုင်ပွဲကို ကျင်းပပေးလျက်ရှိရာအမျိုးသားဘော်လုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၂၅)ရက်နေ့ကစတင်၍ မြို့နယ်(၉)မြို့နယ်မှ ဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု နမ့်ဆန်မြို့နယ်အသင်း၊ ဒုတိယဆု မူဆယ်မြို့နယ်အသင်း၊ တတိယဆုကို ကျောက်မဲမြို့နယ်အသင်းမှ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ (စတုတ္ထ)အကြိမ်မြောက် မြို့နယ်ပေါင်းစုံ တအာင်းလူငယ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲတွင် ပထမဆုကို ဆွဲပြား၊ဆုကလပ်နှင့်ငွေသား ဆယ်သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုကို ဆွဲပြား၊ ဆုကလပ်နှင့်ငွေသား ခုနှစ်သိန်းကျပ်ကိုလည်ကောင်း၊ တတိယဆုကို ဆွဲပြား၊ဆုကလပ်နှင့် ငွေသားဆု ငါးသိန်းကျပ်စီနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားဆုနှင့် အတန်းလိုက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို တစ်ဦးလျှင် ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုငါးသောင်းကျပ်စီတို့အား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)