တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရပ်ကွက်များတွင် အသိပေးနှိုးဆော်

တောင်ဥက္ကလာပ  ဒီဇင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ‌ တောင်ဥက္ကလာပမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းအား တောင်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက မီးသတ်ယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့သွားရောက်ပြီး လှည့်လည်အသိပေးနှိုးဆော်ကြသည်။

 အဆိုပါ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင်  မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သည့်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူ‌စောင့်ထားရှိ‌ပေးပါ၊ နေအိမ်များတွင် လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ်ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်စသည်တို့အား အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)