သပိတ်ကျင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၂၇၄၈၀) စုအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

သပိတ်ကျင်း စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀) နာရီခွဲအချိန်က သပိတ်ကျင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ပွဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်းမှ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၄၈၀) အတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ငွေကျပ် (၅၄၉၆) သိန်းအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးရန် မှာကြားခဲ့သည်။

ထို့နောက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သပိတ်ကျင်းမြို့ပေါ်ရှိ ကဘဲ့ရပ်ကွက်မှ အိမ်ထောင်စု(၄၄၈)စုနှင့် ဆိပ်ကမ်းရပ်ကွက် အိမ်ထောင်စု(၅၇၄)စုတို့အား ကွင်းဆင်းသွားရောက်ပြီး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။
ယခု ထောက်ပံ့ပေးအပ်ခြင်းသည် စတုတ္ထအကြိမ်မြောက် နိုင်ငံတော်မှ အခြေခံ လူတန်းစား များအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ပထမအကြိမ်က စားသောက်ကုန်ပစ္စည်း(၅)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ရာ ငွေသားထောက်ပံ့မှုအနေဖြင့် ယခုငွေကြေးထောက်ပံ့မှုမှာ တတိယ အကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)