အမရပူရ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက အမရပူရမြို့နယ် ကြက်ခြေနီအသင်း (ခွဲ) နှင့် ပညာရေးဌာနတို့ပူးပေါင်း ဖွင့်လှစ်သည့် ကြက်ခြေနီ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းအမှတ်စဉ် ၇-၈-၉-၁၀/၂၀၂၂ ဆင်းပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ကိုယ်စား၊ ညွှန်ကြားရေးမှူးဆရာကြီး ဦးတင်ရွှေက သင်တန်းဆင်းအမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးကျော်ကျော်က နှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် အမရပူရမြို့ နယ်အခြေခံပညာ ဆရာ/ဆရာမများ၏ သာမန်အသင်းဝင် အဆိုပြုလွှာ များကို ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းအမှတ်စဉ် ၇-၈-၉-၁၀/၂၀၂၂ အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး သင်တန်းလေးခုအတွက် သင်တန်းဆင်းလက်မှတ်များကို ဦးကျော်ကျော်က ပေးအပ်ခဲ့ရာ ဆရာမဒေါ်ခင်မျိုးဆွေက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် အမရပူရမြိူ့နယ် ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ကိုယ်စား အမရပူရမြို့နယ် ကြက်ခြေနီ အသင်း(ခွဲ) အတွင်းရေးမှူး၊ မြို့နယ်တပ်ဖွဲ့မှူး ဦးညွန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)