သထုံ ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာများရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အထက(၄)သထုံကျောင်းမှ Grade-9 နှင့် Grade -11 ကျောင်းသား၊ ကျောင်းသူလေးဦးတို့က “လူငယ်နှင့်ကိုယ်ကျင့်တရား” ၊ “လူငယ်နှင့်စာပေ” “လူငယ်နှင့်လူမှုဆက်ဆံရေး” ၊ “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်က လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များနှင့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)