ညောင်ဦး ဒီဇင်ဘာ ၉
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုကျေးရွာ များသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျောတစ်မျိုးထဲသာ စိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းတာကလည်း ဖီးကြမ်းငှက်ပျောသာ ရောင်းအားပိုးပြီး ဈေးနှုန်းလည်းရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှုမရှိသလောက်ဖြစ်ကြောင်း ငှက်ပျော စိုက်တောင်သူ ဦးအောင်ဌေးကပြောသည်။
ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင် တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်း စိုက်ပျိုးသည့်သူများက ငှက်ပျောသား တက်မထားကြပဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်းနှစ်ပင် စိုက်တောင်သူများမှာမူ ငှက်ပျောသားတက်တစ်ပင်ထားပြီး စိုက်ပျိုးကြကြောင်းသိရသည်။
ငှက်ပျောပေါ်ချိန်သည်လည်း စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင်ပေါ်ကြောင်း ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းပွဲစားများက ငှက်ပျောခြံထိ လာရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေပေါ် အုပ်စုအတွင်းကျေးရွာများ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများလာကြောင်း သိရသည်။
ကိုကြေးမုံ