ရွှေပြည်သာမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရွှေပြည်သာ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ နှစ်နှစ်အရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ကိုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်၍ အမှတ်(၅)ရပ်ကွက်၊ နှင်းဆီဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင်အသက်မွေးစမှ နှစ်နှစ်အရွယ်ထိ ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်ရောဂါကာကွယ်ဆေးမျာကို ထိုးနှံတိုက်ကျွေးပေးခဲ့ပြီး အသက် ၅နှစ်အထိ ကလေးငယ်များကိုလည်း ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင်ရပ်ကွက်‌နှင့် ကျေးရွာပေါင်း(၂၇)ခုအတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ ခြင်းနှင့်တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံတွင် သတ်မှတ်ရက်အလိုက် စဉ်ဆက်မပြတ် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)