ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ

မောင်တော    ဒီဇင်ဘာ   ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာ ပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး၊  လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ရုံးများရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက အဆို ပါရုံးများရှိ ဝန်ထမ်းများအား  ရှေးဦးမီးသတ်ဆေးဘူး၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်းများအား ဆောင်ရွက်စေခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)