ကျောက်ပန်းတောင်း ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ယာဉ်ထိခိုက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့်အရေး ယူခြင်းများကိုနေရာအလိုက် လှည့်လည်ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်ပန်းတောင်း ရေနံချောင်း လမ်းအထွက်၊ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ စီးနင်း/မောင်းနှင်ခြင်းမရှိစေရန်အတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဦးတို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်း စစ်ဆေး/အရေးယူခြင်းများကို ဒီဇင်ဘာ(၅)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်များအနေဖြင့် ယာဉ်မောင်းလိုင်စင်/ယာဉ်လိုင်စင် ပြည့်စုံစွာပါရှိရန်၊ လုပ်ငန်းသုံးမော်တော် ယာဉ်များအနေဖြင့် လုပ်ငန်းသုံးလိုင်စင်ပါရှိရန်၊ မော်တော် ဆိုင်ကယ်များအနေဖြင့် မော်တော် ယာဉ်နံပါတ်များကို ရှေ့/နောက် ပါရှိရန်နှင့် ဆိုင်ကယ်လိုင်စင်/ ယာဉ်မောင်းလိုင်စင်များပါရှိရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် မေးသိုင်းကြိုးတပ်၍ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမည့်အပြင် ဆိုင်ကယ်တွင်သတ်မှတ်ချက်များ ပြည့်စုံစွာပါရှိရန်၊ မော်တော် ဆိုင်ကယ်တွင် မူလပါရှိသည့် အိတ်ဇောများမှအပ အခြားအိတ်ဇောများ တတ်ဆင်မောင်းနှင်ခြင်း၊ (၂)ဦး ထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်အသုံးပြုသူများအနေဖြင့် ယခင်ညွှန်ကြားထားရှိသည့် အမျိုးသား(၂)ဦး စီးနင်းမောင်းနှင်ခြင်းမပြုရန်၊ မူလပုံ သဏ္ဍာန် ဖပြောင်း၍ (ဘေးတွဲ/နောက်တွဲများ) ပြုလုပ်မောင်းနှင်ခြင်းမပြုရန် အစရှိသည့် စည်းကမ်းသတ်မှတ်ချက်(၁၂)ချက်တို့ကို မြို့ပေါ်နှင့်ကျေးရွာများ တွင် ကြိုတင်၍ အသိပေးကြော်ညာထားရှိပြီးဖြစ်ကြောင်းနှင့်၊ သတ်မှတ်စည်းကမ်း ပါအချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်၍ လိုက်နာခြင်းမရှိပါက၊ မော်တော်ယာဉ်မောင်းနှင်သူများအနေ ဖြင့်အမှု(၁)မှုလျှင် ဒဏ်ငွေ(၂) သောင်းကျပ်နှုန်း၊ မော်တော် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် အမှုတစ်မှုလျှင် ဒဏ်ငွေ(၁) သောင်းကျပ်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)