မိုးညှင်း ဒီဇင်ဘာ ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဥပဒေဆိုင်ရာ၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဆုများချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဆိုပါ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးသန်းဌေးက ဥပဒေနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိုးညှင်း)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဝင်းယုထွေးက ယာဉ်မတော် တဆများ ဖြစ်ပွားမှုအပေါ် အပြစ်ပေးအရေးယူရာတွင် ယာဉ်ကြီးယာဉ်ငယ်များခွဲခြား၍ အပြစ်ပေး အရေးယူခြင်း မရှိပါကြောင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သူ မှားယွင်းသည့် ယာဉ်မောင်းသူများကိုသာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းကိုလည်းကောင်း ပြောကြားသည်။
ဆက်လက်၍ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ ရဲအုပ်ဌေးဝင်းက လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှု၊ တရားမဝင်အလုပ်သမား ခိုင်းစေမှုများနှင့်၊ Online အသုံးပြု၍ စည်းရုံးခေါ်ယူခြင်းခံရမှုအပါအဝင် လူကုန်ကူးခြင်းခံရနိုင်သည့် နောက်ဆက်တွဲဆိုး ကျိုးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးညှင်းတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဩဂုတ်လတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့” ဟူသောခေါင်းစဉ်ဖြင့် တက္ကသိုလ်အဆင့် စားစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း