ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် စိစစ်လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်း

မြစ်ကြီးနား     ဒီဇင်ဘာ ၉

ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် စခန်းများအပေါ် စိစစ်လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်  ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင် များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်းအပေါ် မိမိတို့အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ရှိပါကြောင်း၊ ယနေ့ IDPs စခန်းများတွင် လေ့လာသုံးသပ်၍ အကြံပြုချက်များအပေါ် ဖော်ထုတ်တင်ပြ ရေးအဖွဲ့၏ အကြံပြုချက်များကိုကို အားလုံးဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်းနှင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများအား ပွင့်လင်းရာသီ အတွင်း ပြန်လည်နေရာချ ထားရေးအပြင် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် နေရပ်စွန့်ခွာစခန်းများတွင် စိစစ်လေ့လာတွေ့ရှိမှု များနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာပြည်သူများ ကိုယ်ပိုင် ရပ်တည်နေထိုင်နိုင်ရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်ပါ ဦးစားပေးအဆင့်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာ ချထားရေးအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာရှုထောင့်မှ နေရပ်စွန့်ခွာပြည်သူ များအား မူလနေထိုင်ရာဒေသ၊ အခြားသင့်လျော်သောနေရာများရှိ လူမှုပတ်ဝန်းကျင်အတွင်း ပေါင်းစည်းနေထိုင်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်သွားရမည့် လုပ်ငန်း စဉ်များကို လည်းကောင်း အကြံပြုအပေါ် သုံးသပ်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက IDPs စခန်းများနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ခရိုင်နှင့် မြို့နယ်များ အလိုက် စခန်းများ ရပ်တည်နေထိုင်နေမှု၊ စခန်းပိတ်သိမ်းနိုင်မှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အိမ်ယာ၊ ရေ၊ မီးနှင့် လမ်းတံတားဆောင်ရွက်ရန် လျာထားချက်များကို ပါဝါပွိုင့်ဖြင့် လည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပြန်လည်နေရာချထားရေးအတွက် ရင်ဆိုင်ဖြေရှင်းပေးရမည့် ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးများက အကြံပြုသုံးသပ်၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ကာလရှည်ကြာ ခက်ခဲစွာနေထိုင်ခဲ့ကြသော နေရပ်စွန့်ခွာပြည်သူများအတွက် အလေးထားလုပ်ဆောင်နေသကဲ့သို့ ယနေ့ ဆွေးနွေးချက်များအပေါ် အချင်းချင်းချိတ်ဆက်ပေါင်းစပ်ပြီး ယခုပွင့်လင်းရာသီတွင် လုပ်ငန်း များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်