မလှိုင်မြို့နယ်အတွင်းရှိ စပါးမျိုးသန့်စိုက်တောင်သူများအတွက် ယူရီးယား ဓါတ်မြေသြဇာများ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချ

မလှိုင် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ စပါးမျိုးသန့်စိုက်ပျိုးသောတောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာများအား သတ် မှတ်ဈေးနှုန်းဖြင့် နောက်ဆုံးအကြိမ် ရောင်းချပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပွဲတွင် မြို့နယ်ဓါတ်မြေသြဇာသယ်ယူဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများအတွက် လိုအပ်လျက်ရှိသည့် စံချိန်စံညွှန်းပြည့်ဝသည့် ယူရီးယားဓါတ်မြေ သြဇာအားများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ တောင်သူများအနေဖြင့်လည်း အကျိုးရှိစွာ အသုံးပြုပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး အလေးထားဆောင်ရွက်သွားရန် အထွက်နှုန်းကောင်းမွန်ပါက တောင်သူများ၏အကျိုးစီးပွားသာမက နိုင်ငံတော်အတွက်ပါများစွာ အထောက်အကူဖြစ်စေပါကြောင်း၊ သီနှံအထွက်နှုန်းကောင်းမွန်ပါက တောင်သူများ၏ လူမှုစီးပွားဘဝမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးစန်းယုက ဓါတ်မြေသြဇာရရှိမှု၊ သီးနှံအလိုက်ဖြန့်ဖြူးပေးနိုင်မှုနှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများအနေဖြင့် ကြက်သွန် စိုက်ရာသီကာလနှင့်တိုက်ဆိုင်နေပါသဖြင့် ကြက်သွန်စိုက်တောင်သူများ ပါရှိပါကလည်း နေကြာသီးနှံကို သီးညှပ်အဖြစ် မဖြစ်မနေထည့်သွင်းစိုက်ပျိုးသင့်ကြောင်း၊ နေကြာဆီ စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေပြီး ကိုယ် တိုင်စိုက်ပျိုး စားသုံးပါက အကျိုးရှိသဖြင့် တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်မြေသြဇာသယ်ယူဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုနှင့် တာဝန်ရှိသူများက စပါးမျိုးသန့် စိုက်ဧက(၂၃၀)အတွက် ကျေးရွာပေါင်း(၂၂)ရွာမှ တောင်သူ(၉၈)ဦးတို့အားတစ်ဧကလျင်အိတ်ဝက်နှုန်းဖြင့်ယူရီးယား ဓါတ်မြေသြဇာ (၁၁၅)အိတ်ကို တောင်သူများထံ ရောင်းချပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ဝါမျိုးစေ့၊ စပါးမျိုးစေ့၊ နေကြာမျိုးစေ့ထုတ်ဧကများ၊ နေကြာအထူးဇုံနှင့် မျိုးသန့်စပါးစိုက်ပျိုးသည့် စံပြကျေးရွာများရှိ မျိုးသန့်စိုက် တောင်သူများကို ယူရီးယားဓါတ်မြေ သြဇာ(၅၀) ကီလို၊ အိတ်ပေါင်း(၄၅၉)အိတ်၊ (၂၂.၉၅)တန်ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)