ဒေါပုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဒေါပုံ ဒီဇင်ဘာ ၈

ကျောင်းသား၊ ကျောင်းသူ လူငယ်များဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊  ဒေါပုံမြို့နယ်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဒေါပုံမြိုနယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်  ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ယနေ့ခေတ်ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်ပြည့်ဝစေရန် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်အကျင့်များရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် စစ်ကြောင်းကြီး(၅)ကြောင်းအနက် ပညာရေးစစ်ကြောင်းဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဖြစ်မြောက်အောင်ဆောင်ရွက်ချက်အား မြို့နယ်အနေဖြင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချစ်စုဝေမှဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစားအစရှိသည့် ခေါင်းစဉ်အောက်မှအကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများအပေါ် အပြန်အလှန်မေးမြန်းမေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)