မော်လမြိုင် ဒီဇင်ဘာ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေးက “မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာတွင် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာနအနေဖြင့် မြို့နယ်အလိုက် နိုင်ငံသာစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) အမှတ် များ၊အိမ်ထောင်စုလူဦးရေ စာရင်းများအား e-ID အတွင်းသို့ ရေးသွင်းခဲ့ရာတွင် အချို့သောသူများမှာ အိမ်ထောင်စုလူဦးရေစာရင်း/မှတ်ပုံတင်များ (၁)ခုထက်ပိုမို ကိုင်ဆောင်နေသူများ တွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်အညီ ပိုမိုကိုင်ဆောင်ထားသည့် အိမ်ထောင်စု လူဦးရေစာရင်းများ၊ မှတ်ပုံတင်များ ဝန်ကြီးဌာနမှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်ပယ်ဖျက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ တစ်ဦးချင်းစစ်ဆေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကွဲလွဲနေမှုများအကြောင်း၊ မိမိ မိသားစုအချက်အလက်တွေ မှန်ကန်ဖို့အားလုံးပူပေါင်း ပါဝင်ကူညီကြရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်တွေမှန်ကန်မှ မိမိလူမှုဘဝ စိတ်ချရမှာဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းအချက်အလက်တွေ မှန်ကန်ခြင်းအားဖြင့် ရရှိနိုင်မည့် လူမှုဘဝအကျိုးကျေးဇူးများအကြောင်း နိုင်ငံသားအမှတ်များကို e-ID အီလက်ထရောနစ် ဦးစီးဌာနတွင်ရှိသော National Database အတွင်းသို့အချိန်တိုအတွင်းရောက်ရှိ ထည့်သွင်းသွားနိုင်မှာ ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ငှားရမ်းပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေး အကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့် ပြန်/ဆက်