သိန္နီ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပရာ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးက အုပ်စု(၂)စုခွဲ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိခဲ့သော အဖွဲ့အား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ယှဉ်ပြိုင်ကြိုးစားတတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)