လယ်ဝေးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အ​ထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇင်မင်းကိုက အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ရေးနှင့်  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ  ပြန်လည်ထူထောင်ရေးအပါအဝင် လူသားချင်း စာနာသည့် လုပ်ငန်းစဉ်များကိုလည်း ယခုအဖွဲတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးတို့က တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံး လူကုန်ကူးမှုတားဆီးရေး အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆောင်ရွက်နိုင်ရေး ဆွေးနွေးကာ  လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းစဥ် အားမိတ်ဆက်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လယ်ဝေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်ဇော်က လူကုန်ကူးမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ကြိုတင်ကာကွယ်တားဆီးရေး နည်းလမ်းများကို ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်ဝေရေးနှင့် သက်ဆိုင် ရာဌာနများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်မည့်အစီအစဥ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲတွင် ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်အလက်များ၊ အသိပညာပေးရေးနည်းလမ်းများကို ပူးပေါင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေကြည် ( ပြန်/ ဆက်)