ကျိုက်ထိုမြို့၊ အ‌မက(အောင်သပြေ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများဆောင်ရွက်

ကျိုက်ထို ဒီဇင်ဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေးဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့အခြေခံပညာမူလတန်း(အောင်သပြေ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော်က ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတစာအုပ်များဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက်ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များမှ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့်ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများကိုကျင်းပပေးပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာလိုက်နာရမည့်စည်းမျဉ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)