မိုင်းလုံ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပထမအကြိမ် ဒီဇင်ဘာဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့က မိုင်းလုံမြို့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် မိုင်းလုံမြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက အဖွင့်အမှာစကားပြောကြားရာ ပြိုင်ပွဲကို စည်းကမ်းနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကစားရန် ပြောကြားပြီးနောက် နာယက ဦးဘိုအေးက ပြိုင်ပွဲကိုအားကစား စိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲပြီးဆုံးသည်အထိ ထိခိုက်မှုမရှိပဲ ယှဉ်ပြိုင်ကစားကြရန်၊ ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်များ သည်လည်း ဘက်လိုက်မှုမရှိဘဲ စည်းကမ်းအတိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားပြီးဖွင့်ပွဲကို မိုးပြေအသင်းနှင့် ကျောက်တလုံး အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကျောက်တလုံးအသင်းမှ (၁-၀)ဖြင့် အနိုင်ရရှိခဲ့သည်။
ဒီဇင်ဘာဖလား ဘောလုံးပြိုင်ပွဲကို အသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီးဖွင့်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကာကော်မတီနှင့် ဘောလုံးသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)