ဒဂုံတက္ကသိုလ်၌ လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

တာမွေ     ဒီဇင်ဘာ     ၈

ကျောင်းသား၊ ကျောင်းသူ/လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေအသိဉာဏ်ပညာဗဟုသုတတွေပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးမှ ဦးစီးအရာရှိ  ဒေါ်ဝင်းအိမွန်နှင့် ဒဂုံတက္ကသိုလ် ဥပဒေအထူးပြုဌာနမှ ဒေါ်ပုံ့ပုံ့အောင်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဒဂုံတက္ကသိုလ်မှ ကျောင်းသား/သူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းတို့မှ တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများကို အသီးသီးပြန်လည်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

နိုင်လင်းအောင်(တာမွေ)