သံဖြူဇရပ် ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၈ရက်နံနက်ပိုင်းတွင် ဝယ်ဝင်ကရာ သုခမင်္ဂလာ ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)နှင့် ဝဲကလိကျေးရွာ ဘုရားလေးဆူဘုန်းကြီးကျောင်း (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံသည်။
ထိုသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြေငြိမ်းဦးက ကျေးရွာနေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ္(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးသည်၊၊
ထို့နောက် သံဖြူဇရပ်မြို့နယ်၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူး မိုးမြင့်က လုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများကသက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည် ကျေးရွာနေ ပြည်သူများမှ သိရှိလိုသည်များကို တင်ပြမေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး၊ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးစည်သူ(သံဖြူဇရပ်)