ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်‌စေရေး လူနေအိမ်များနှင့် ဈေးဆိုင်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ  ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ  လူနေအိမ်များနှင့် ဈေးဆိုင်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုကို ကျောက်ဖြူခရိုင် မီးသတ် ဦးစီးဌာန၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ (၆) ရက်နေ့မှ စတင်ကာ တစ်အိမ် တက်ဆင်း ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက  မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်ကျော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက အလယ်ပိုင်းရပ်ကွက်သို့သွားရောက်၍ ၎င်းရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အလုပ်ရုံများတွင်  မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးမသုံးစွဲဘဲ ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ်စားသောက်နေသည့် လူနေအိမ်များတွင် မီးကြွင်းမီးကျန် များမကျန်ရှိစေရေး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ဘုရားမီးပူဇော်ရာတွင် စနစ်တကျထွန်းညှိ ပူဇော်ကြရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးတို့ကို အကြံပြုမှာကြားခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)