မုဒုံမြို့နယ် ကန်တော်ကြီးကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေတစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

မုဒုံ      ဒီဇင်ဘာ      ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မုဒုံမြို့နယ်ရှိ ကန်တော်ကြီးကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်က ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ပြီး သထုံငါးသားပေါက်စခန်းမှ နှစ်လက်မနှင့်အထက်အရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေတစ်သိန်းကို ကန်တော်ကြီးကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းများရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသအတွင်းငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် သဘာဝရေပြင်ကန်များ၊ မြစ်ချောင်းအင်းအိုင်နှင့် ဆည်များအတွင်းသို့ ငါးသားပေါက်များကို နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)