နောင်ချိုမြို့နယ်တွင် ရှေးဦးပြုစုခြင်းသင်တန်း (၇/၂၀၂၂) ဆင်းပွဲပြုလုပ်ဆောင်ရွက်

နောင်ချို ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ကျောက်မဲခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးဦးမောင်မောင်သိန်းက ရှေးဦးပြုစုခြင်းသင်တန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးက ရှေးဦးသင်တန်း လာရောက်ဖွင့်လှစ်ပေးသည့် နောင်ချိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အဖက်ဖက်မှ ကူညီဆောင်ရွက် ပေးကြသည့် ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသားများအတွက် သင်တန်းနည်းပြမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ ကျောင်းသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၇/၂၀၂၂) သင်တန်းကို ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး (၃)ရက်ကြာသင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း၊ အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်း သင်တန်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ထံမှ  သိရသည်။ 

ထွေးငယ်(ပြန်/ဆက်)