သုံးခွ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က (၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade 11မှ မောင်ဗညားမောင်က လူငယ်နှင့်စာပေ၊ Grade 10မှ မစန်းသိမ့်သိမ့်သူက လူငယ်နှင့်စာရိတ္တ၊ Grade 11မှ မယွန်းနဒီက လူငယ်နှင့်ကျန်းမာရေး၊ Grade 11မှ မောင်ငြိမ်းပြည့်က လူငယ်နှင့်အားကစား၊ Grade 10မှ မဆုပိုင်ပိုင်ထွဋ်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်းဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းတွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၁၅၀)ဦးခန့်တက် ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား ကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသူ ကျောင်းသား/ သူလေးများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ်ရုံးက ခင်းကျင်းပြသထားသော နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ နှင့်စာအုပ်ပြပွဲအားတက်ရောက်လာကြသော ဆရာ၊ ဆရာမများ ၊ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်