ဥတ္တရခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင် မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရသီရိ   ဒီဇင်ဘာ  ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပူးပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းတို့က မှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးသည့်လုပ်ငန်းစဉ်များ၊ နိုင်ငံသားများအနေဖြင့် အိမ်ထောင်စုစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးမှုဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်မှုမရှိပါက မဲပေးပိုင်ခွင့်ဆုံးရှုံးနိုင်သည့်အခြေအနေများ၊ ပြည်သူများအား ထုတ်ပေးလျက်ရှိသည့် နိုင်ငံသားကတ်အမျိုးအစားများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သည့် ပြည်သူများအနေဖြင့် လက်ရှိနေထိုင်သည့်ဒေသတွင် မှတ်ပုံတင်ရှိပြီး ပုံစံ-၆၆/၆ မရှိသည့် ပြည်သူများကို မဲပေးနိုင်ဖို့ မဲပေးပိုင်ခွင့်ရရှိရေးအတွက် ဌာနအနေဖြင့်ဆောင်ရွက်ပေးနေမှုနှင့် ပြည်သူများအနေဖြင့် လုပ်ဆောင်ရမည့်အချက်များကို အသီးသီး ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ဆွေးနွေးမှုအပြည့်အစုံကို We Love  Ottarathiri Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)