ပြည်ကြီးတံခွန် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စားငှားဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာငှားဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အထ ရှင်သန်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက သုတ/ရသစာအုပ် (၂၅၀) အုပ် ငှားရမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)