ဆီဆိုင်မြို့နယ်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ သင်တန်းသူများအား အသိပညာပေးဟောပြော

ဆီဆိုင် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သင်တန်းသူများအား  စက်ချုပ်ပညာများအပြင် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီက ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနယ်လ်လှမြိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဆိုက်ခေါင်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ဒေါ်ဆွေလဲ့လဲ့ထူးက တီဘီရောဂါအကြောင်းသိကောင်းစရာများ ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်သူဝင်းက ဥပဒေအကြောင်းသိကောင်းစရာများ ကိုလည်းကောင်း၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်ကျော်က လူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများနှင့် လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူး မှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရမည့်စည်းကမ်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများနှင့် နောက်ဆက်တွဲ အန္တရာယ်များ၊ မူးယစ်ဆေးဝါးကြောင့် ဘေးထွက်ဆိုးကျိုးများ ပျက်စီး ဆုံးရှုံးသွားသောဘဝများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ထိခိုက်နစ်နာမှုများကိုလည်းကောင်း၊  မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)ဥက္ကဋ္ဌ ဦးချိုတူးမောင်က ကြက်ခြေနီအကြောင်း သိကောင်းစရာများအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဆီဆိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ သင်တန်းကျောင်း ဆရာမများနှင့် သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။     

မျိုးမြတ်(ဆီဆိုင်)