မန္တလေး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက် တာလှုပ်ရှားမှု၊ ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ တစ်နာရီက မန္တလေး၊အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း(အမျိုးသမီးကျောင်း)၊ နဝဒေးခန်းမတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်အဖွဲ့ဝင်များ၊ အောင်မြေသာစံခရိုင် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူသန်း နှင့်ဆရာမများ၊ ကျောင်းသူ များ တက်ရောက်ကြသည်။
အစီအစဉ်အရ အောင်မြေသာစံခရိုင် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်မိုးမိုးက အမှာစကား ပြောကြားပြီး (၁၆)ရက်တာ လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းအကြောင်း ရှင်းလင်းပြောကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပက်သက်၍ သိကောင်းစရာများကို အသိပညာပေးဟောပြောရာ ကျောင်းသူလေးများက စိတ်ဝင်တစား လေ့လာ၊နားထောင်၊ မှတ်သားကြသည်။ ထို့နောက် တက်ရောက်လာကြသော အထက(၄)မှ ကျောင်းသူများကိုယ်စား Grade-11 ကျောင်းသူ မဆုနှင်းအိမ်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
မြင့်မော်ထွန်း