ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်းကုန်းကျေးရွာ ရိုးရာအိုးလုပ်ငန်း စတင်လုပ်ကိုင်နေ

ညောင်ဦး  ဒီဇင်ဘာ   ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် ခေတ်အဆက်ဆက်လုပ်ကိုင်သည့် ရိုးရာအိုးလုပ်ငန်းပြန်လည်စတင်လုပ်ကိုင်နေပြီဖြစ်ကာအိုးအမျိုးမျိုးစတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း တောင်ကုန်းကျေးရွာ အိုးလုပ်ငန်းရှင် ဦးနေလင်းကပြောကြားသည်။

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာသည် အိမ်ခြေ ၁၂၀ ရှိကာ တစ်ရွာလုံးနီးပါး ရိုးရာအိုးလုပ်ကိုင်ခြင်းဖြင့်  မိသားစုစားဝတ်နေရေးရပ် တည်ကြကြောင်းနှင့် အိုးလုပ်ငန်းအဆင့်ဆင့်အားရွာရှိ လူတိုင်းလုပ်တတ်ကြောင်းသိရသည်။အိုးလုပ်ရန်ကုန်ကြမ်းဖြစ်သည့်မြေသားအကြမ်း၊မြေသာအချွဲ နှစ်မျိုး သာလိုကြောင်း အဆိုပါမြေအမျိုးအစားသည်လည်း တောင်ကုန်းရွာတောင်ဘက် သုံးဖာလုံ လောက်သာဝေးသည့်နေရာများဖြစ်သည့် ရေကန်ပတ်လည်မှ မြေသားများ၊ အိုးလုပ်ရန်သင့်သည့် ယာခင်း၊ယာစပ်များမှမြေသားများအား တူးယူကာအိုးလုပ်ငန်းအတွက် ကုန်းကြမ်းအဖြစ်အသုံးပြုကြကြောင်း တောင်ကုန်းကျေးရွာသူ/သားတိုင်း အိုးလုပ်သည့် အိုးပြင်လှဲ့စက်အားလှည့်တတ်ကြကာ အိုးထွင်းသူ(အိုးအမျိုးမျိုးအားလိုပုံဖော်သူ အိုးပညာရှင်)တစ်ရွာလုံးမှ ငါးဆယ်ဦးခန့်သာရှိကြောင်း ထိုအိုးထွင်းသူများမှာလည်း အမျိုးသမီးများသာဖြစ်နေခြင်းက အိုးလုပ်ငန်းတွင်အမျိုးသမီးများက ဦးဆောင်ဦးရွက်လုပ်ကိုင်နေသည်မှာ တောင်ကုန်းရွာ အိုးလုပ်ငန်းများမှသက်သေပင်ဖြစ်နေကြောင်း ရာအိမ်မှူး ဦးနေလင်းကပြောပြသည်။

တောင်ကုန်းကျေးရွာတွင် ရိုးရာအိုးလုပ်ငန်းအား မည့်သည့်ခေတ်အခါကစတင်ပြုလုပ်ခဲ့သည်ကို ရွာထဲရှိအသက် ၉၀ကျော်အဘိုးဘွားများပင်မသိရှိကြောင်း တောင်ကုန်းရွာရှိ  စုပေါင်းအိုးဖိုကုန်း (အိုးဖုတ်ကုန်း)သုံးနေရာရှိရာ တောင်ကုန်းဖြစ်နေသည်အထိမြင့်နေကာ အိုးလုပ်ငန်းအား ခေတ်အ ဆက်ဆက်လုပ်ကိုင်ကြသည်မှာ ထိုအိုးဖိုကုန်း(အိုဖုတ်)ကုန်းများကသက်သေပင်ဖြစ်ကြောင်း အိုး လုပ်ငန်းစတင်လုပ်သည့် နတ်တော်၊ ပြာသို၊ တပိုတွဲ၊ တပေါင်းလများသည် အိုးလုပ်ငန်းလှိုင်လှိုင်လုပ် ကိုင်သည့်လများဖြစ်ကြောင်းသိရကာ ထန်းဆွဲမြူအိုးနှင့်ပြာသိုသောက်ရေအိုးတို့မှာ တောင်ကုန်းကျေးရွာမှထုတ်လုပ်သည့် အိုးများအနက် နာမည်အကြီးဆုံးအိုးများကာ ပါးလွှာပြီးသောက်ရေထည့် သောက်ပါက အေးမြကာ တောင်ကုန်းကျေးရွာပြာသိုအိုးများနာမည်ရသောက်ရေအိုးဖြစ်ကြောင်း၊ ထန်းဆွဲမြူအိုးမှာလည်း ထန်းတက်ရာသီ၊ထန်းတောင်သူများအတွက်စတင်၍ ထန်းဆွဲမြူအိုးများစ တင်ကာပြုလုပ်နေပြီဖြစ်ကာ ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးများကို လည်း ပတ်ဝန်းကျင်မြို့များဖြစ်သည့် ကျောက်ပန်းတောင်း၊တောင်သာ၊ ညောင်ဦး၊ တောင်စင်း ၊ရေစ ကြိုနယ်များ ထန်းလုပ်ငန်းစတင်ချိန်များတွင်လာရောက်ဝယ်ယူကြကြောင်းသိရသည်။

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ ထန်းဆွဲမြူအိုး ထန်းတက်ရာသီထုတ်လုပ်အားမှာ တစ်ရက်လျှင် အိုးလုပ်အိမ်ထောင်စုတစ်စု ထန်းဆွဲမြူအိုး နှစ်ရာမှနှစ်ရာ့ငါးဆယ်ကြားထုတ်လုပ်လျက်ရှိကာ အခြားအိုးအမျိုးမျိုးကိုလည်း ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။တောင်ကုန်းရွာမှ ပြုလုပ်သည့် ထန်းဆွဲမြူအိုးမှာ ပါးလွှာပြီးခိုင်ခန့်သည့်အတွက် လူကြိုက်အင်မတန်များကြောင်းနှင့် ထန်းဆွဲမြူအိုး ထုတ်လုပ်သည့် လေးလအတွင်း ထန်းဆွဲမြူအိုးတစ်မျိုးထဲတွင်ပင် နှစ်သိန်းငါးသောင်းလုံးကျော် ထုတ်လုပ်ရောင်းချခဲ့ရကြောင်း သိရသည်။ အဆိုပါ တောင် ကုန်းကျေးရွာမှ အိုးအမျိုးမျိုးထုတ် လုပ်လျက်ရှိရာ ပဌာန်းအိုး၊ ပြာသိုသောက်ရေအိုး၊ ထန်းဆွဲမြူအိုး၊ရေဆေးဇလုံ၊ ဘုရားပန်းအိုး၊ မြေ သားမီးဖို၊ မုန့်ပြားသလပ်(က်)အိုးခင်း၊ မြေသားဟင်းအိုး၊ အရက်ပေါင်းအိုး၊ ကောက်ညှင်းပေါင်းအိုး၊ မြေသားစုဘူး၊ ဆားထည့်အိုးငယ်၊ အိုးပုတ်ချိုးရုပ်စသည့် အိုးအမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးလျက်ရှိရာ ထန်းဆွဲမြူအိုးနှင့်ပြာသိုသောက်ရေအိုးတို့မှာ ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ အိုးလုပ်ငန်း၏ နာမည်ရ အရောင်းရဆုံးနှစ်မျိုးပင်ဖြစ်ကြောင်းနှင့်ထန်းလုပ်ငန်းရာသီမစခင် အိုးလုပ်ငန်းများစတင် လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

ကိုကြေးမုံ