တောင်ဥက္ကလာပ ဒီဇင်ဘာလ ၈
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။
ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်က အမှာစကားပြောကြားရာတွင် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ယနေ့ခေတ် ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန် ပြည့်ဝစေရန်ဖြစ်ကြောင်း၊ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေရန်ဖြစ်ကြောင်း၊ စင်ပေါ်ကနေ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ဖြစ်ကြောင်း၊ လူငယ်များအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဦးကျော်မင်းက အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗဟုသုတများကို ရှာဖွေစုဆောင်းသင့်ကြောင်း၊ မိမိတို့သိမှတ်ထားသမျှ အသိပညာဗဟုသုတများကို အခြားသူများကိုလည်း ပြန်လည်မျှဝေသင့်ကြောင်း၊ သို့မှသာ နိုင်ငံတော်ကိုအကျိုးပြုနိုင်မည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်း၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်အေးသီတာထွန်းတို့က ဉီးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်များအောက်မှအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယပိုင်းအနေနှင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့မှ ၎င်းတို့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးဝင်းက ကျောင်းသားလူငယ်များ စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာထားခြင်းကြောင့် ယခုလိုလူငယ်စာဖတ်ဝိုင်း ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဗဟုသုတ၊ အသိပညာရပ်များကို ဆက်လက်လေ့လာကြစေလိုကြောင်း၊ မိမိကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အရေးပေးပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ကျန်းမာမှပညာသင်ယူနိုင်မည်ဖြစ်၍ ကျန်းမာရေးအထူးဂရုပြုရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရီရီလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးဦးကျော်မင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)