တိုက်ကြီးမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ

လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရန်၊ စကားပြောအတတ်ပညာများ တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း တစဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာ ပူးပေါင်းနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်တို့ကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းလျက် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်  (အင်းစိန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး)  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအောင်က ကျေးဇူးတင်စကား ပြန်လည်၍ ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)