ဝမ်းတွင်းမြို့နယ် ခါးတက္ကန်ကျေးရွာတွင် ဖောက်လုပ်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး

  ဝမ်းတွင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ကျော် အကျိုးပြုနိုင်ရန် ဖောက်လုပ်လျက်ရှိသော ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၄၅.၂၃ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  ကြီးကြပ်ပြီး ထွန်းငွေခိုင်ကုမ္ပဏီမှ တာဝန်ယူပြီး ဝမ်းတွင်းမြို့နယ် ခါးတက္ကန်ကျေးရွာ၏ မြောက်ဘက် ကွင်းအမှတ် ၁၂၃၉ သို့ သွားသော ကျေးလက်ကုန်ထုတ်လမ်း အရှည်၁ မိုင် ၇ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မရှိ ဂျင်း+​မြေသားခင်းခြင်းလုပ်ငန်းနှင့်  အရှည် ၁၈ပေ၊ အကျယ် ၅ပေ ၃လက်မ၊ အမြင့် ၅ပေ ၉လက်မရှိ Slab Culvert (၈)စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဇူလိုင် ၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ၎င်းကုန်ထုတ်လမ်းဖောက်လုပ် ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ သတ်မှတ်အရည်အသွေး  ပြည့်မီခြင်းရှိမရှိ မိတ္ထီလာ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ယ  မန့်နေ့က ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ခါးတက္ကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၃)ရွာတို့ရှိ အိမ်ခြေ ၆၆၂ အိမ် လူဦးရေ ၃၄၁၉ဦးနှင့် ၎င်းတို့၏ စိုက်ပျိုး ဧက ၇၀၂ဧကတို့အား အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)