ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများစာပေဗဟုသုတများစွာရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)နှင့်အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုတို့က အမှာစကားအသီးသီးပြောကြားသည်။
ဆက်လက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က မြို့နယ်အတွင်းစာကြည့်တိုက်များ အခြေအနေများနှင့် အစည်းအဝေးပြုလုပ်ရခြင်း၏အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက် လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)