တာလေမြို့၌ ကက်သလစ်ခရစ်ယာန်သာသနာ နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်ကျင်းပ

တာလေ ဒီဇင်ဘာ  ၈

မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုရှိသည်နှင့်အညီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ မိုင်းလင်းကက်သလစ်ခရစ်ယာန်သာသနာ နှစ်(၁၀၀) ပြည့် ဂျူဗလီပွဲတော်ကို  မိုင်းလင်းကျေးရွာရှိ ကက်သလစ်ဘုရား ရှိခိုးကျောင်းဝင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့မှ ယနေ့ထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းလင်းကက်သလစ်ခရစ်ယာန်သာသနာ နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်သို့ ကျိုင်းတုံကက်သလစ် သာသနာဂိုဏ်းချုပ်ဆရာတော် ဂျွန်စောယောဟန်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ /မများ၊ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပွဲတော်အား ကက်သလစ်ခရစ်ယာန်ဘာသာ ဓလေ့ထုံးစံနှင့်အညီ ရာပြည့်ဂျူဗလီကျောက်တိုင်၊ သာသနာပြုဘုန်းတော်ကြီးများအား အောက်မေ့ဖွယ်ရာ ပြုလုပ်ထားသည့်ရင်ပြင်နှင့် ဂျူဗလီအထိမ်းအမှတ်စတိတ်စင်တို့ကို ဆရာတော် ဂျွန်စောယောဟန် ကောင်းကြီးပေးခြင်း၊ ဝတ်ပြုဆုတောင်းခြင်းနှင့် ရာပြည့်ဂျူဗလီပွဲတော်အထိမ်းအမှတ် ကံစမ်းမဲလက်မှတ်များ ဖောက်ပေးခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)