တာချီလိတ် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP) အရ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများပေါ်ထွန်းလာစေရန် အားကစားပွဲတော်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ မြို့မအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ကြောင်း သိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘောလီဘော၊ စနူကာ၊ စားပွဲတင်တင်းနစ်၊ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ ကြက်တောင်နှင့် မီနီမာရသွန်စသည့် အားကစား(၈)မျိုးပါဝင်ပြီး ဘောလုံးပြိုင်ပွဲကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုပြိုင်ပွဲ အဖြစ်လည်းကောင်း၊ ပိုက်ကျော်ခြင်းကို ကလပ်အသင်းများ ပြိုင်ပွဲအဖြစ်လည်းကောင်း၊ ကြက်တောင်နှင့် စနူကာပြိုင်ပွဲ ကို အလွတ်တန်းပြိုင်ပွဲအဖြစ် လည်းကောင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မီနီမာရသွန်နှင့် ဘော်လီဘောပြိုင်ပွဲကို ကျောင်း အခြေပြုပြိုင်ပွဲအဖြစ်လည်းကောင်း ခွဲခြားသတ်မှတ်ထားပြီး ပါဝင်ယှဉ်ပြိုင်လိုသည့် အားကစား သမားများ အနေဖြင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့ နောက်ဆုံးထား၍ စာရင်းပေး သွင်းနိုင်ကြောင်း မြို့နယ်အားကစားမှူး ဦးသန်းလှိုင်ထံမှ သိရသည်။
သန်းဇော်(ပြန်/ဆက်)